images
UN
UN
ပြင်ဦးလွင်မြို့ လူသူအရောက်အပေါက်နည်းသောတောတောင်များ စိမ်းလန်းစိုပြည်ရေးအတွက် မီးပုံးပျံဖြင့်မျိုးစေ့လုံးများကြဲချစိုက်ပျိုး
ထက်မြက်(မန္တလေး) Sunday, 02 August 2020

ပြင်ဦးလွင်မြို့ရှိ သဘာဝချစ် မြတ်နိုးသူများအဖွဲ့(Green Challenge) က လူသူအရောက်ပေါက် နည်းသော တောတောင်များတွင် သစ်တောပန်းပင်များ ပေါက် ရောက်စေရန်အတွက် မျိုးစေ့မြေ ဆွေးလုံး၊ သစ်စေ့မြေလုံးများကို မီးပုံးပျံများဖြင့် ကြဲချစိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
မျိုးစေ့မြေဆွေးလုံးများကို မီးပုံးပျံများ၊ ဒရုန်းများ၊ လေးခွများ ပစ်ခတ်ခြင်းတို့ဖြင့် ပြုလုပ်ကာ သစ်ပင်ပန်းပင်များပေါက်ရောက် ပြီး သစ်ပင်ပန်းပင်များပေါက် ရောက်ကာ သစ်တောများ စိမ်း လန်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းလာစေရန်အတွက် ယခု ကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
''စီမံချက်ချပြီး လုပ်ဆောင် တာဖြစ်ပါတယ်။ ပထမအကြိမ်ကို ပြင်ဦးလွင်-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းမှာ လုပ်ခဲ့တယ်။ ဒုတိယအကြိမ်ကို သြဂုတ် ၂၅ ရက်မှာ ပေပင်ကျေးရွာအုပ်စုမှာ လုပ်သွားမှာဖြစ်သလို စက်တင် ဘာ ၂၇ရက်မှာလည်း ဟိုလိပ် ကျေးရွာအုပ်စုမှာ လုပ်သွားမှာ ဖြစ်ပါတယ်''ဟုGreen Challenge ကိုအောင်မျိုးပိုင်က ပြော သည်။
အပင်အမျိုးအစားများအဖြစ် မန်းကျည်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ တမာ၊ ထနောင်း၊ ကုက္ကို၊ စွယ် တော်၊ ကံ့ကော်၊ ငု၊ ဇီး၊ ပိနွဲ၊ သရက်၊ လိုင်ချီး၊ ခရေ၊ သပြေ ဘူရ၊ ဂျပန်ပိတောက်၊ ပျဉ်တော် သိမ်စသည့်တို့ကို ကြဲချစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကြဲချစိုက်ပျိုးခြင်း အပြင် ပြင်ဦးလွင်မြို့စိမ်းလန်းစိုပြေ ရေးအတွက် ရပ်ကွက်ကြီးများနှင့် ကျေးရွာအုပ်စုများထဲက သစ်ပင်၊ အရိပ်ရသစ်ပင်များနည်းပါးသည့် နေရာများ၊ စိုက်ပျိုးရန်လွတ်သည့် နေရာများကိုလည်း ရွေးချယ်ကာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများဖြင့် ညှိနှိုင်းကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။